Friday

[ ၃၈ ဖြာမင်္ဂလာတရားတော် ]

10:38 AM


"ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃ ပါး"
(၁) အသေဝနာစ ဗာလာနံ = လူမိုက်ကိုမပေါင်းသင်းရ။
(၂) ပဏ္ဍိတာနဉ္စ သေဝနာ = ပညာရှိကို ပေါင်းသင်းရမည်၊
(၃) ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ရမည်။
" လူမိုက်ဆိုလျှင် - ရှောင်သွေလွဲလို့၊ မမှီဝဲနှင့် - ကင်းအောင်နေ
ပညာရှိကို - အရှည်တွဲလို့၊ မှီဝဲဆည်းကပ် - နည်းယူစေ၊
သုံးပါးရတနာ - မိဘများနှင့်၊ ဆရာသမားကို - ပူဇော်လေ၊
ချမ်းသာကိုပေး - ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" နေထိုင်ရေးမင်္ဂလာ ၃ ပါး "
(၄) ပတိရူပ ဒေသဝါသော စ = သင့်တင့်လျောက်ပတ် ကောင်းမြတ်သောအရပ်၌ နေရခြင်း။
(၅) ပုဗ္ဗေ စ ကတပုညတာ = ရှေးဘဝက ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှုရှိခြင်း။
(၆) အတ္တ သမ္မာ ပဏိဓိ = အကျင့် သီလ မပျက်ရအောင် ကိုယ်စိတ် နှစ်ပါး ကောင်းစွာ ထားခြင်း။
" ကုသိုလ်ပညာ - ဥစ္စာရဖို့၊ သင့်ရာဒေသ - အမြဲနေ၊
ရှေးကတင်ကြို - ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို - ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ - ဆောက်တည်လေ၊
ဥစ္စာကိုပေး - နေထိုင်ရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" သင်ကြားရေးမင်္ဂလာ ၄ ပါး "
(၇) ဗာဟုသစ္စဉ္စ = အကြားအမြင် ဗဟုသုတ များခြင်း၊
(၈) သိပ္ပဉ္စ = အပြစ်ကင်းသော လက်မှုပညာတတ်ခြင်း၊
(၉) ဝိနယောစ = ကျင့်ဝတ် ဝိနည်း သင်ခြင်း၊
(၁ဝ) သုဘာသိတာစ = ချစ်ဖွယ် ယာသာ ချိုသာ စကား ပြောကြားခြင်း
" တတ်ကောင်းတတ်ရာ - ဟူသမျှကို၊ ကြားမြင်သုတ - ရှိပါစေ၊
အိုးအိမ်တည်ထောင် - ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ - အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ - ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား - နားလည်စေ၊
မှန်ကန်ယဉ်ကျေး - ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" ပြုစုရေးမင်္ဂလာ ၃ ပါး "
(၁၁) မာတာပိတု ဥပဋ္ဌာနံ = အမိ အဖကို လုပ်ကျွေး ပြုစုခြင်း၊
(၁၂) ပုတ္တ ဒါရဿ သင်္ဂဟော = သား သမီး ဇနီး မယားကို ချီးမြှင့် ထောက်ပံ့ခြင်း၊
(၁၃) အနာကုလာ စ ကမ္မန္တာ = ရှုတ်ထွေးခြင်းကင်းသော အလုပ်ကို လုပ်ခြင်း၊
" မြင်းမိုရ်ရွှေတောင် - မိဘကြွေးကို၊ ကောင်းစွာပေးဆပ် - ဝတ်ကျေကျေ၊
ကြွေးသစ်ချကာ - သားနှင့်မယား၊ မြှောက်စားချီးမြင့် - ဝတ်ကုန်စေ၊
အလုပ်တာဝန် - မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် - လုပ်ပါလေ၊
စည်းစိမ်ကိုပေး - ပြုစုရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄ ပါး "
(၁၄) ဒါနဉ္စ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
(၁၅) ဓမ္မစရိယာ စ = မိမိသန္တာန်၌ သုစရိုက်ဖြစ်အောင် ကျင့်ဆောင်ခြင်း၊
(၁၆) ဉာတကာနဉ္စ သင်္ဂဟော = ဆွေမျိုးများကို ပေးကမ်း ချီးမြှင့် ထောက်ပံ့ခြင်း၊
(၁၇) အနဝဇ္ဖာနိ ကမ္မာနိ = အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း။
" သုံးတန်စေတနာ - ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ - လှူနိုင်စေ၊
ကိုယ် , နှုတ် , စိတ်ကြံ - မမိုက်မှားနဲ့၊ သုစရိုက် တရားကို - ကျင့်ပါလေ၊
ဆွေမျိုးတွေကို - ပစ်မထားနဲ့၊ သင်္ဂဟတရားနဲ့ - ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး - လူထုကျိုး၊ သယ်ပိုးရွက်ဆောင်စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" ရှောင်ကြဉ်ရေးမင်္ဂလာ ၄ ပါး "
(၁၈) အာရတီ ပါပါ = မကောင်းမှုတို့ကို စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊
(၁၉) ဝိရတီ ပါပါ = မကောင်းမှုတို့ကို ကိုယ်နှုတ်ဖြင့် အထူး ရှောင်ကြဉ်ခြင်း၊
(၂ဝ) မဇ္ဖပါနာ စ သံသမော = မူးယစ်ဆေးဝါး သောက်စားခြင်းမှ စောင့်စည်းခြင်း၊
(၂၁) အပ္ပမာဒေါ စ ဓမ္မေသု = သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့၌ မမေ့မလျော့ မပေါ့ဆခြင်း။
" မကောင်းမှုတွေ - ဟူသမျှကို၊ မတွေ့ခင်က - ရှောင်ကြဉ်လေ၊
တွေ့ကြုံလာရင် - မလွန်ကျူးနဲ့၊ အထူးသဖြင့် - စောင့်စည်းလေ၊
အရက်သေစာ - မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ - အရာပေ၊
လုပ်ကိုင်ပြောကြား - သတိထား၊ တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" စိတ်ထားရေးမင်္ဂလာ ၅ ပါး "
(၂၂) ဂါရဝေါ စ = အသက်သိက္ခာ ဂုဏ်ဝါကြီးမား ပုဂ္ဂိုလ်များကို ရိုသေလေးစားခြင်း၊
(၂၃) နိဝါတော စ = ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနှင့် ချိုကျိုးနွားလား ဒွန်းစဏ္ဍားပမာ မာန်မာနကို နှိမ့်ချခြင်း၊
(၂၄) သန္တုဋ္ဌိ စ = ရသမျှဖြင့်သာ ရောင့်ရဲလွယ်ခြင်း၊
(၂၅) ကတညုတာ = ရှေးကပြုဖူး သူ့ကျေးဇူးကို အထူးဆင်ခြင် သိမြင်ခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန = သင့်လျော်သောအခါ၌ တရားနာကြားခြင်း။
" အသက်ဂုဏ်ဝါ - ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား - ရိုသေသေ၊
မာနတံခွန် - ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ့်ချ - အမြဲနေ၊
လေဘအပို - လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ - ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး - သူ့ကျေးဇူး၊ အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား - မြတ်တရား၊ နာကြားမပြတ်လေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" သည်းခံရေးမင်္ဂလာ ၄ ပါး "
(၂၇) ခန္တီ စ = မြေကြီးပမာ အရာရာ၌ သည်းခံခြင်း၊
(၂၈) သောဝစဿတာ = ဆုံးမခံယူလွယ်ကူသောသူဖြစ်ခြင်း၊
(၂၉) သမဏာနဉ္စ ဒဿနံ = ရဟန်းတော်တို့ကို ဖူးမြင်ရခြင်း၊
(၃ဝ) ကာလေန ဓမ္မသာကစ္ဆာ = သင့်လျော်ရာအခါ၌ ပညာရှိတို့နှင့် တရားဓမ္မ ဆွေးနွေးတိုင်ပင်ခြင်း။
" စားဝတ်နေထိုင် - ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း - သည်းခံလေ၊
ကျိုးကြောင်းပြညွှန် - ဆုံးမစကား၊ ပြောကြားလာက - နာလွယ်စေ၊
သူမြတ်ပုဂ္ဂိုလ် - ဟူသမျှကို၊ မကြာခဏ - တွေ့ဆုံလေ၊
သဘာဝတွေး - မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" ခြိုးခြံရေးမင်္ဂလာ ၄ ပါး "
(၃၁) တပေါ စ = ကိလေသာအပူဝေး၍ ငြိမ်းအေးစေတတ်သော အကျင့်မြတ်ကို ကျင့်ခြင်း၊
(၃၂) ဗြဟ္မစရိယဉ္စ = မေထုတ်အမှု ရှောင်ကြဉ်ပြုလျက် ကောင်းမြတ်သောအကျင့်ကို ကျင့်ခြင်း၊
(၃၃) အရိယသစ္စာန ဒဿနံ = သစ္စာလေးပါးကို သိမြင်ခြင်း၊
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာ စ = အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း။
" လောကိအာရုံ - ဇိမ်ယစ်မူးလို့၊ ပျော်မကြူးနဲ့ - ခြိုးခြံလေ၊
မေတ္တာဗြဟ္မစိုရ် - လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး - ယွင်းမသွေ၊
လေးပါးသစ္စာ - ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် - ကြိုးစားလေ၊
ဒုက္ခလွတ်ကင်း - နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" စိတ်ထားမှန်ရေးမင်္ဂလာ ၄ ပါး "
(၃၅) စိတ္တံ ယဿ န ကမ္ပတိ = လာဘာလာဘ စသည့်ရှစ်တန် လေကဓံနှင့် တွေ့ကြုံသောသူ၏ စိတ်သည် ထိတ်ထိတ်မခုန် အတုန်လှုပ်ခြင်း၊
(၃၆) အသောကံ = စိုးရိမ်ပူဆွေး ငိုကြွေးမှု မရှိခြင်း၊
(၃၇) ဝိရဇံ = ရာဂ, ဒေါသ, မောဟ မြူမှေး၊ အညစ်အကြေးမရှိခြင်း၊
(၃၈) ခေမံ = ကြောက်လန့်ဖွယ်ရေး ဘေးမရှိခြင်း။
" ဆင်းရဲချမ်းသာ - သဘာဝ၊ တွေ့ကြုံနေကြ - လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန် - အစုံတွဲလို့၊ တလဲစီလှည့် - အမြဲနေ၊
လေကဓံကြုံ - မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ - စိတ်ခိုင်စေ၊
သောကကိုထိန်း - ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။ "
" သုံးဆယ့်ရှစ်ဖြာ - မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး - ပန်သူတွေ၊
စီးပွားချမ်းသာ - ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် - တဝေဝေ၊
ဘေးကင်းရန်ကွာ - ချစ်သူပေါလို့၊ စိတ်ရောကိုယ်ရော - ချမ်းသာမလေ၊
ပြောဆိုကြံဆ - ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။ ။

0 comments:

Post a Comment